မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ သတင်းထုတ်ပြန်ချက် ၃/၂၀၁၉

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်၊ သောကြာနေ့

             ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်က ရတနာပုံ တက္ကသိုလ်ရှေ့တွင် ကျောင်းသားအချို့ ဆန္ဒထုတ်ဖော်မှုဖြစ်စဉ်ကို သတင်းရယူနေသည့် သတင်းသမားများအား ရုက္ခဗေဒဌာန၊ ပါမောက္ခ (ဌာနမှူး) ဒေါက်တာခင်သက်ကျော်က နှုတ်ဖြင့် စော်ကား ပြောဆိုခဲ့ခြင်းသည် သတင်းသမားများ၏ တာ၀န်ကို ဟန့်တား ခြိမ်းခြောက် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့်
ဖြေရှင်း ဆောင်ရွက်ပေးပါရန် မန္တလေးအခြေစိုက် သတင်းသမားများက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက် နေ့စွဲဖြင့် တိုင်ကြားစာ ပေးပို့လာပါသည်။
               ထိုတိုင်ကြားစာကို ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ အငြင်းပွားမှုနှင့် တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေး ကော်မတီသည်၊ သတင်းမီဒီယာဥပဒေ၊
နည်းဥပဒေများအရ တိုင်ကြားသူနှင့် တိုင်ကြားခံရသူ တို့အား ၂၀၁၉ခုနှစ်၊ ဇန်န၀ါရီ (၃၁) ရက်တွင် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီရုံးသို့ ဖိတ်ကြားခဲ့ပါသည်။

               ထိုသို့ ဖိတ်ကြားရာတွင် တိုင်ကြားသူဖက်က လာရောက်ခဲ့ပြီး၊ တိုင်ကြားခံရသူဖက်မှ လာရောက်ခြင်း မရှိပါ။ သို့ရာတွင် ရတနာပုံ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်ထံမှ ဇန်န၀ါရီ ၂၈ ရက်နေ့
နေ့စွဲဖြင့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီသို့ ပေးပို့သော အကြောင်းပြန်ကြားစာတွင်၊ တာဝန်ချိန်၌ နိုင်ငံတော် တာဝန် ထမ်းဆောင်နေသော ပါမောက္ခ ဒေါက်တာခင်သက်ကျော်သည် သတင်းထောက်များ၏
သတင်း ရယူပိုင်ခွင့်ကို တားဆီး ပိတ်ပင်သည့်သဘော၊ ရိုက်နှက်စေခိုင်းခဲ့ခြင်း သဘော မရှိပါကြောင်း၊ ရတနာပုံ တက္ကသိုလ်တွင် တာ၀န်ချိန်အတွင်း သတင်းရယူရန် ခွင့်ပြုချက် တောင်းခံထားသော
သတင်းမီဒီယာသမားများ မရှိပါကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ အကြောင်းပြန်ကြားခဲ့ပါသည်။

               မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာ နည်းဥပဒေ ၃၆ (ခ) အရ တိုင်ကြားခံရသူ ပါမောက္ခ ဒေါက်တာခင်သက်ကျော်အား ၂၀၁၉ခုနှစ်၊ ဖေဖော်၀ါရီ (၇) ရက်တွင် မြန်မာနိုင်ငံ
သတင်းမီဒီယာ ကောင်စီရုံးသို့ လာရောက်ရန် ဒုတိယအကြိမ် ထပ်မံ ဖိတ်ကြားခဲ့သော်လည်း လာရောက်မှု မရှိခဲ့ပါ။

              ရတနာပုံ တက္ကသိုလ်မှ ဒေါက်တာ ခင်သက်ကျော်သည် ၎င်းအပေါ် တိုင်ကြားထားချက်နှင့် စပ်လျဉ်း၍ အကြောင်းကြားချက် ရရှိသော်လည်း၊ သတင်းမီဒီယာကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိ၊
စွပ်စွဲချက်အပေါ် ဖြေရှင်းခြင်းမပြု၊ ဖြေရှင်းလွှာ တစ်စုံတစ်ရာကိုလည်း တင်ပြခြင်းမရှိ၊ ပျက်ကွက်သည်ဖြစ်၍ စွပ်စွဲချက်အပေါ် အငြင်းမပွား ဟု သဘော သက်ရောက်ပါသည်။

             နိုင်ငံတော်၏ စတုတ္ထမဏ္ဍိုင် ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီ ကျင့်စဉ်တရားများ ရှင်သန်ရေးအတွက် ဥပဒေပြဌာန်းချက် များနှင့် အညီ ဆောင်ရွက်နေသော မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ ဖြေရှင်းညှိနှိုင်း
ဆောင်ရွက်မှုအပေါ် ပြေလည်ရာ ပြေလည်ကြောင်း လက်တွဲ ပူးပေါင်းဆောင်ရွက်ခြင်းမရှိ၊ ဖြေရှင်းချက် တစ်စုံတစ်ရာ မပြုသည့်အတွက် သတင်းမီဒီယာ ကောင်စီ နည်းဥပဒေ ပုဒ်မ ၂၀(ဂ)အရ လည်းကောင်း၊
နည်းဥပဒေ ပုဒ်မ ၃၈ (ဆ) အရ လည်းကောင်း ကောင်စီအနေဖြင့် ကြေညာချက် ထုတ်ရမည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပါသည်။

             ဒေါက်တာဒေါ်ခင်သက်ကျော်သည် တစ်ဖက် စွပ်စွဲသကဲ့သို့ လူပုဂ္ဂိုလ်တစ်ဦး အနေဖြင့် သတင်းမီဒီယာအပေါ် ကျင့်ဝတ်နှင့် မညီ နှောက်ယှက်ခဲ့သည်ဟု ကောက်ယူရမည်ဖြစ်ပါသည်။
သို့ပါ၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့် စတုတ္ထမဏ္ဍိုင်အဖြစ် ရပ်တည် ကာကွယ်ပေးရမည့် သတင်းလွတ်လပ်ခွင့်ကို ဟန့်တားရာ ရောက်ခဲ့သည်ဟု ကောက်ယူရမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

ဆက်သွယ်ရန်

အမှတ် ၃၉၂ - ၃၉၆၊ ကုန်သည်လမ်း၊ (၉)ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -09448026326

အီးမေးလ် : mmpresscouncil@gmail.com

ထုတ်ပြန်ချက်ဆိုင်ရာများ

© 2016 mpc. All Rights Reserved.