မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ သတင်းထုတ်ပြန်ချက် ၈/ ၂၀၂၀
၂၀၂၀ ခုနှစ်၊ မတ်လ (၁၈) ရက်၊ ဗုဒ္ဓဟူးနေ့။      

 

                     “ဧရာဝတီ သတင်းအယ်ဒီတာ ဦးရဲနီ နှင့် ရိုက်တာသတင်းဌာနတို့အပေါ် အမှုဖွင့်လှစ် တရားစွဲဆိုမှုများကို
ရုပ်သိမ်းပေးသွားမည်ဖြစ်ကြောင်း  တပ်မတော်မှ အကြောင်းကြားလာခြင်းအပေါ် သတင်းထုတ်ပြန်ချက်”

 

၁။    တပ်မတော်မှ သတင်းမီဒီယာနှစ်ခုအပေါ် တရားစွဲဆိုမှုများမှ ရုပ်သိမ်းပေးသွားမည် ဖြစ်ကြောင်း တပ်မတော်မှ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထံ ယနေ့ နေ့စွဲဖြင့် အကြောင်းကြား လာပါသည်။
၂။    အဆိုပါ အကြောင်းကြားချက်တွင် တပ်မတော်အနေဖြင့် သတင်းမီဒီယာကောင်စီ၏ မေတ္တာရပ်ခံမှု၊ တပ်မတော်နှင့် သတင်းမီဒီယာများအကြား ဆက်ဆံရေးနှင့် သတင်းမီဒီယာများ၏ စတုတ္ထမဏ္ဍိုင်အဖြစ်
ခိုင်မာစွာ ရပ်တည်နိုင်ရေးအပေါ် ရည်ရွယ်ပြီး -
    (က) ဧရာဝတီသတင်းဌာနမှ ဦးရဲနီအား ဒုတိယဗိုလ်မှူးကြီး ဇော်မင်းထွန်းက ပုဒ်မ - ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားမှု။
    (ခ) ရိုက်တာသတင်းဌာန ၂၅ - ၁ - ၂၀၂၀ ရက်တွင် Two Rohingya Killed as Myanmar army shells village: MP ခေါင်းစဉ်ဖြင့် မြန်မာ့တပ်မတော်မှ ဘင်္ဂါလီရွာကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သဖြင့် ဘင်္ဂါလီအမျိုးသမီး ၂ ဦး သေဆုံးကြောင်း သတင်းဖော်ပြခဲ့မှု။
    အဆိုပါ အမှုနှစ်ခုအပေါ် တရားစွဲဆိုမှုများ ရုတ်သိမ်းပေးသွားပါမည်ဟု ဖော်ပြပါရှိသည်။
၃။    ယမန်နှစ်ဦးပိုင်းတွင် ဧရာဝတီသတင်းဌာန၏ အွန်လိုင်းသတင်းဆောင်းပါးဖော်ပြမှုနှင့် ပတ်သက်၍ ဧရာဝတီသတင်း အယ်ဒီတာ ဦးရဲနီကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ပါသည်။ အဆိုပါတိုင်ကြားမှုနှင့် ပတ်သက်ပြီး ဧရာဝတီသတင်းဌာနမှ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ ကြားဝင် ညှိနှိုင်းပေးပါရန် အကူအညီတောင်းခံခဲ့ပါသည်။ ၄င်းနောက် သတင်းမီဒီယာကောင်စီ ဥက္ကဌမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ လိပ်မူပြီး အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီး သတင်းမီဒီယာကောင်စီဥပဒေပါအတိုင်း သတင်းမီဒီယာကောင်စီသို့ တိုင်ကြားနိုင်ရေး ကူညီဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံစာပေးပို့ခဲ့ပါသည်။ ယင်းအမှုကိစ္စနှင့်ပတ်သက်ပြီး မတ်လ (၁၆) ရက်နေ့တွင် ကျောက်တံတားတရားရုံးသို့ အမှုစွဲတင်ပို့ခဲ့သည်။
    ရိုက်တာသတင်းဌာန၏ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့ သတင်းဖော်ပြမှုနှင့် ပတ်သက်ပြီး တပ်မတော်ဘက်မှ သတင်းမီဒီယာကောင်စီထံသို့ ဇန်နဝါရီလ (၂၉) ရက်နေ့ နေ့စွဲဖြင့် တိုင်ကြားခဲ့ပြီး သတင်းမီဒီယာကောင်စီက တပ်မတော်ဘက်မှ တိုင်ကြားသူအဖြစ် တာဝန်ပေးအပ်ခံရသူ ဗိုလ်မှူးအောင်မျိုးအေး အား ဖေဖော်ဝါရီလအတွင်း သတင်းမီဒီယာကောင်စီမှ (၂) ကြိမ်ဖိတ်ခေါ်ပြီး ထပ်မံ သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး၊ တိုင်ကြားခံရသည့် ရိုက်တာသတင်းဌာနမှ တာဝန်ရှိသူကိုလည်း ဖေဖော်ဝါရီလ (၂၀) ရက်နေ့၌လည်းကောင်း ဖိတ်ကြားမေးမြန်းခဲ့ပါသည်။ ထို့နောက် အဆိုပါ တိုင်ကြားမှု ကိစ္စရပ်နှင့်ပတ်သက်၍ သတင်းမီဒီယာကောင်စီ၏ သုံးသပ်တိုက်တွန်းချက်ကို တိုင်ကြားသူနှင့် တိုင်ကြား ခံရသူထံသို့ အသီးသီးပေးပို့ခဲ့ပြီးဖြစ်ပါသည်။
    ထိုအတောအတွင်း ရိုက်တာသတင်းဖော်ပြမှုပါ သတင်းရင်းမြစ်ဖြစ်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နှင့် ရိုက်တာသတင်းဌာနတို့ကို မတ်လဆန်းတွင် ဘူးသီးတောင်ရဲစခန်း၌ အမှုဖွင့်လှစ်ခဲ့ သည်ဟု သတင်းဖော်ပြချက်များအရ သိရှိရသည်။
၄။    သတင်းမီဒီယာဖော်ပြချက်များနှင့် သတင်းသမားများသတင်းရယူစဉ်တွင် အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် တပ်မတော်တို့အနေဖြင့် တိုက်ရိုက်အမှုဖွင့်လှစ်ခြင်း သို့တည်းမဟုတ် တရားစွဲဆိုခြင်း မပြုပဲ သတင်းမီဒီယာကောင်စီသို့ ရှေးဦးစွာတိုင်ကြားပါရန် မဏ္ဍိုင် (၄) ရပ် ဆွေးနွေးပွဲများ၊ တွေ့ဆုံဆွေးနွေး ပွဲများတွင် အမြဲမပြတ်ပန်ကြားမေတ္တာရပ်ခံခဲ့ပါသည်။ တပ်မတော်နှင့် သတင်းမီဒီယာများအကြား ဆက်ဆံရေးကောင်းမွန်စေရန်နှင့် သတင်းအချက်အလက်များ လွယ်ကူလျင်မြန်စွာရရှိရေးအတွက်လည်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် တပ်မတော်နှင့်တွေ့ဆုံ၍ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်လျက် ရှိပါသည်။
၅။    မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် ယခုကဲ့သို့ သတင်းမီဒီယာများအပေါ်တရားစွဲဆိုမှုများ ကို ရုပ်သိမ်းပေးခြင်းအပေါ် ကြိုဆိုပါသည်။ နောက်နောင်တွင်လည်း သတင်းဖော်ပြမှုများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ နစ်နာမှု၊ မကျေနပ်မှုရှိလာခဲ့ပါက အမှုဖွင့်လှစ်ခြင်း သို့မဟုတ် တရားစွဲဆိုခြင်းထက် သတင်းမီဒီယာကောင်စီသို့ ရှေးဦးစွာတိုင်ကြားပါရန် သက်ဆိုင်သည့်အဖွဲ့အစည်းအသီးသီးအားလည်း မေတ္တာရပ်ခံအပ်ပါသည်။
၆။    သတင်းမီဒီယာသမားများအနေဖြင့်လည်း သတင်းရေးသားဖော်ပြမှုများတွင် သတင်းမီဒီယာဥပဒေ၊ သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ရေးသားဖော်ပြကြဖို့ လိုအပ်ပါကြောင်းလည်း မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီက တိုက်တွန်းအပ်ပါသည်။

 

                                                                                                                                                                                                                                              မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

ဆက်သွယ်ရန်

အမှတ် ၃၉၂ - ၃၉၆၊ ကုန်သည်လမ်း၊ (၉)ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -09448026326

အီးမေးလ် : mmpresscouncil@gmail.com

ထုတ်ပြန်ချက်ဆိုင်ရာများ

© 2016 mpc. All Rights Reserved.