မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အသိပေးထုတ်ပြန်ချက် ၉ / ၂၀၂၀
၂၀၂၀ ခုနှစ်၊ မတ်လ (၂၅) ရက်၊ ဗုဒ္ဓဟူးနေ့။

 

Covid 19 ကူးစက်ရောဂါ သတင်းရယူရာတွင် သတင်းသမားများ ဘေးအန္တရာယ်ကင်းရေးလမ်းညွှန်ချက်

 

၁။    မိမိသွားရောက် သတင်းရယူမည့်နေရာနှင့်ပတ်သက်၍ သတင်းအချက်အလက်များ သိရှိအောင် ကြိုတင် ဆောင်ရွက်ထားပါ။ ဆေးရုံ၊ ကူးစက်သံသယရှိသူ သီးခြားထားသည့် နေရာနှင့်ပတ်သက်သည့်
အချက်အလက်များ၊ ယူဆောင်သွားရန် လိုအပ်သည့်ပစ္စည်းများ၊  ဝင်ခွင့်အစရှိသည်တို့ ယူဆောင်သွားပါ။
၂။    သင့်တော်သော အကာအကွယ် အဝတ်အစားများ၊ ကိရိယာများ ယူဆောင်၊ ဝတ်ဆင် သွားပါ။
၃။    သင်သွားရောက်မည့် နေရာကို သတင်းဌာနမှ တာဝန်ရှိသူ/ အယ်ဒီတာ သိရှိပါစေ၊ သတင်းရယူသည့်နေရာ ပြောင်းရွှေ့လျင် အယ်ဒီတာကို အသိပေးထားပါ။
၄။    ကူးစက်ရောဂါနှင့်ပတ်သက်၍ လုပ်ဆောင်လျက်ရှိသည့် ကျန်းမာရေးနှင့်အခြားဝန်ထမ်းများ၏ လုပ်ငန်း ဆောင်တာများကို အနှောင့်အယှက်မဖြစ်စေရပါ။
၅။    တကိုယ်ရေ ကျန်းမာရေးအတွက် လိုအပ်သည့် ပိုးသတ်လက်ဆေးရည်များ၊ Hand Gel၊ နှာခေါင်းစည်း Mask၊ Tissue နှင့် သန့်ရှင်းသည့် သောက်ရေ ယူဆောင်သွားပါ။
၆။    အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ၊ အဖျားရှိသူ၊ ချောင်းဆိုးသူ နှာချေသူများနှင့် အနည်းဆုံး  ၆ ပေ ကွာခြားပြီး နေထိုင်၍၊ မိမိကိုယ်တိုင်လည်း ချောင်းဆိုး၊ နှာချေပါက မိမိ၏ ပါးစပ်နှင့် နှာခေါင်းကို ကာကွယ်ပြီးမှ လုပ်ဆောင်ပါ။
၇။    အများပြည်သူပို့ဆောင်ရေးယာဉ်များဖြင့် ခရီးသွားလာရာတွင် လူကြပ်သည့်အချိန်ကို ရှောင်ပါ၊ အကယ်၍ စီးနင်းရသည့်အခါ ကား၊ ရထားပေါ်မှ ဆင်းလျင်ဆင်းချင်း လက်ကို သန့်ရှင်းရေးလုပ်ရန် မမေ့သင့်ပါ။
၈။    ကူးစက်ခံရနိုင်သည့် နေရာများတွင် သတင်းရယူစဉ် ကျန်းမာရေး ညွှန်ကြားချက်များကို အပြည့်အဝ လိုက်နာရန်၊ Covid 19 ကူးစက်ရောဂါကြောင့် ဆေးရုံ၊ ဆေးခန်း၊ ကန့်သတ်နေရာတွင် နေထိုင်နေရသူတို့နှင့် သတင်းအလို့ငှာ မေးမြန်းရာတွင် လုံလောက်သည့် အကွာအဝေးခြားပြီး မေးမြန်းပါ၊ (ဥပမာ - ၆ ပေ အကွာအဝေး) မှ အသံဖမ်းယူ ရုပ်သံရိုက်ကူးခြင်းဖြင့် ဘေးကင်းစေရန် လုပ်ဆောင်ပါ။ ရုပ်သံသတင်းသမားများအနေဖြင့် ကလစ်မိုက်ကရိုဖုန်းထက် directional မိုက်ကရိုဖုန်းကို သုံးစွဲရန်၊ ကူးစက်ရောဂါ အန္တရာယ်ရှိသော နေရာမျိုးတွင် နေ့စဉ် အလုပ်လုပ်ရပါက မိုက်ကရိုဖုန်းအစွပ် ရေမြှုပ်ကို နေ့စဉ်လျှော်ဖွတ်ပြီး နေလှန်းပါ။
၉။    ကူးစက်ခံထားရသူ၊ ကူးစက်ခံရသူဟု သံသယရှိသူနှင့် ၎င်းတို့နှင့် နီးကပ်စွာနေထိုင်ခဲ့သည့် မိသားစုဝင်များ နှင့် ဆက်သွယ်ရာတွင် လက်ဆွဲနှုတ်ဆက်ခြင်း၊ နီးကပ်သည့်အနေအထားဖြင့် မေးမြန်းခြင်းတို့ကို ရှောင်ရှားပါ။ လိုအပ်လျင် ရောဂါပိုး မပြန့်ပွားနိုင်လောက်သည့် အကွာအဝေး(အနည်းဆုံး - ၆ပေ) မှ မေးမြန်းခြင်း သို့မဟုတ် ဖုန်းဖြင့် မေးမြန်းခြင်း နည်းလမ်းများကို သုံးပါ။

၁၀။    လက်ကို ရေ၊ ဆပ်ပြာတို့ဖြင့် မှန်မှန်ဆေးကြောပေးရန်၊ အကယ်၍ ရေနှင့်ဆပ်ပြာမရှိသည့် အခြေအနေမျိုးတွင် hand gel ကို အသုံးပြု၍ လက်ကိုပိုးသတ်ပေးပါ။ ကူးစက်ရောဂါပိုး အန္တရာယ်ရှိသည့်နေရာ လူပုဂ္ဂိုလ်များနှင့် သွားရောက်တွေ့ဆုံစဉ်နှင့် တွေ့ဆုံပြီးနောက် လက်ကိုမပျက်မကွက် စနစ်တကျ သေချာစွာ ဆေးကြောပါ။ လက်ဖြင့် မျက်နှာ၊ နှာခေါင်း၊ မျက်စိ၊ ပါးစပ် တို့ကို မကိုင်ရပါ။
၁၁။    ရောဂါပိုးကူးစက်နိုင်သည့် အခြေအနေမျိုး၊ နေရာမျိုးတွင် ရောဂါပိုးကာကွယ်ပေးနိုင်သည့် လက်အိတ်ကို သုံးပါ။ ထို့ထက်ပိုအန္တရာယ်ရှိနိုင်သည့် အနေအထားမျိုးတွင် PPE ဝတ်စုံ၊ မျက်နှာဖုံးအပြည့် ဝတ်ဆင်ပါ။ ထိုသို့သော နေရာမှ ထွက်ခွာသည့်အခါ ဝတ်ဆင်ထားသည့် အကာအကွယ်ဝတ်စုံများကို လိုအပ်သည့် သန့်စင်မှု လုပ်ဆောင်ပါ။ တခါသုံး ဝတ်စုံမျိုးဖြစ်ပါက စနစ်တကျ စွန့်ပစ်ပါ။
၁၂။    အန္တရာယ်ရှိနိုင်ခြေမြင့်မားသည့် နေရာများသို့ သွားရောက်သတင်းယူပြီး ပြန်လာသည့်အခါ အဝတ်အစား များအား ရေနွေးဖြင့် လျှော်ဖွတ်သန့်စင်ပါ။ ကင်မရာ၊ အသံဖမ်းစက်၊ မိုက်ကရိုဖုန်း၊ ဖုန်းတို့ကို အရက်ပျံများဖြင့် သေချာစွာ သန့်စင်ပါ။ ထိုသို့ပြုလုပ်ရမည်ကို မိမိနှင့်အတူ လိုက်ပါသည့် သတင်းသမားများအားလည်း အသိပေး တိုက်တွန်းပါ။ ကင်မရာ၊ မိုဘိုင်းဖုန်းစသည့် သတင်းလုပ်ငန်း အသုံးအဆောင်များတွင် ပိုးမွှားများ ကပ်ငြိနိုင်သည့် အတွက် သတင်းရယူရာနေရာမှ ပြန်ရောက်လျင်ရောက်ချင်း အရက်ပျံကဲ့သို့သော ပိုးသေစေသည့်ဆေးများဖြင့် သန့်စင်ပါ။
၁၃။    အကယ်၍ မိမိတွင် Covid 19 ကူးစက်ခံရသည့် လက္ခဏာများ ပြသခဲ့ပါလျင် ဆေးဝါးကုသမှုခံယူပါ။
၁၄။    သတင်းဌာနများအနေဖြင့် Covid 19 သတင်းသွားရောက်ရယူရန် တာဝန်ပေးရာတွင် ရောဂါအခံရှိသူများနှင့်  အသက်ကြီးသူများတွင် အန္တရာယ်ပိုမိုကျရောက်နိုင်ခြင်းကြောင့် တာဝန်မပေးသင့်ပါ။
၁၅။    သတင်းဌာနများမှ တာဝန်ရှိသူများအနေဖြင့် Covid 19 သတင်းသွားရောက်ရယူခြင်း မပြုမီ အန္တရာယ် ကျရောက်နိုင်ခြေ ဆန်းစစ်မှု risk assessment ကို မဖြစ်မနေလုပ်ဆောင်ပေးပြီး ကြိုတင်ပြင်ဆင်မှု၊ အန္တရာယ် လျော့ချမှုများ မဖြစ်မနေ လုပ်ဆောင်ပေးပါ။ မိမိဌာနမှ သတင်းသမားများအား ကျန်းမာရေးအရ လိုက်နာသင့်သည့် လမ်းညွှန်များကိုလိုက်နာရန် ဌာနအနေဖြင့် ကြပ်မတ်ပေးပါ။ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ အကူအညီ၊ ပစ္စည်း (mask၊ hand gel စသည်) တို့ကို ပံ့ပိုးပေးပါ။
၁၆။    ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် update ညွှန်ကြားချက်များ၊ ဆောင်ရန် ရှောင်ရန်များကို အစဉ်မပြတ် စောင့်ကြည့်ပြီး လိုက်နာကျင့်သုံးပါ။

25march20 01

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

25march20 02

 

ဆက်သွယ်ရန်

အမှတ် ၃၉၂ - ၃၉၆၊ ကုန်သည်လမ်း၊ (၉)ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -09448026326

အီးမေးလ် : mmpresscouncil@gmail.com

ထုတ်ပြန်ချက်ဆိုင်ရာများ

© 2016 mpc. All Rights Reserved.