မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

သတင်းထုတ်ပြန်ချက် (၁၃/၂၀၂၀)

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၀ ရက်၊ သောကြာနေ့

Voice Of Myanmar (VOM) သတင်းဌာန၏ အယ်ဒီတာချုပ်နှင့် CEO ဖြစ်သူ ဦးနေလင်း (ခေါ်) ဦးနေမျိုးလင်း၊ နိရဉ္ဇရာသတင်းဌာန၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးခိုင်မြတ်ကျော်၊ ခေတ်သစ်မီဒီယာ အယ်ဒီတာချုပ် ဦးလှိုင်းသစ်ဇင်ဝေ (ခ) သာလွန်ဇောင်းထက် တို့အား ပြည်ထဲရေးဝန်ကြီးဌာနက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)၊ ၅၂(က) တို့ဖြင့် အမှုဖွင့်အရေးယူခဲ့ပါသည်။

ယင်းကိစ္စ နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် မတ်လ (၃၁) ရက်‌နေ့တွင် သတင်းထုတ်ပြန်ချက် (၁၁/၂၀၂၀)၊ ဧပြီလ (၁)ရက်နေ့တွင် သတင်းထုတ်ပြန်ချက်(၁၂/၂၀၂၀)တို့ကို ထုတ်ပြန်ကြေညာ ခဲ့ပါသည်။ ထို့အတူ ဧပြီလ (၂) ရက်နေ့တွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့(ဥက္ကဌ)၊ ပြည်ထောင်စုဝန်ကြီး - ပြည်ထဲရေးဝန်ကြီးဌာနထံ လိပ်မူပြီး၊ မိတ္တူကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ ၎င်းတို့အား တရားစွဲဆိုထားမှုအပေါ် အမြန်ဆုံး ရုပ်သိမ်းပေးပါရန်နှင့် သတင်းသမားများအပေါ် ကျေနပ်မှုမရှိပါက သတင်းမီဒီယာဥပဒေအရ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ ဦးစွာတိုင်ကြားနိုင်ပါကြောင်း၊ ထိုကိစ္စကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် ညှိနှိုင်းဖြေရှင်းပေးမည်ဖြစ်ပါကြောင်း စာရေးသားပေးပို့ပြီး မေတ္တာရပ်ခံခဲ့ပါသည်။

ဧပြီလ (၉) ရက်‌နေ့ ညပိုင်းတွင် (VOM) သတင်းဌာန၏ အယ်ဒီတာချုပ်နှင့် CEO ဖြစ်သူ ဦးနေလင်း (ခေါ်) ဦးနေမျိုးလင်း အား မန္တလေးတိုင်း မှုခင်းသတင်းတပ်ဖွဲ့မှ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ(၅၀)က၊ (၅၂)က တို့ဖြင့် အမှုဖွင့်တရားစွဲဆိုထားမှုကို ပြန်လည်ရုပ်သိမ်းပေးခဲ့ပြီး ၎င်းသည် နေအိမ်သို့ ည(၁၀) နာရီတွင် ပြန်လည် ရောက်ရှိခဲ့ကြောင်း ဦးနေလင်း (ခေါ်) ဦးနေမျိုးလင်းက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထံသို့ ဆက်သွယ် သတင်း ပေးပို့လာပါသည်။

ယင်းကဲ့သို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်တရားစွဲဆိုထားမှုကို ပြန်လည်ရုပ်သိမ်းပေး ခဲ့သည့်အပေါ် ပြည်ထဲရေးဝန်ကြီးဌာနအား မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက လှိုက်လှဲစွာ ကျေးဇူးတင် ကြိုဆို အပ်ပါသည်။

အလားတူ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်တရားစွဲဆိုထားခြင်းခံနေရသည့် နိရဉ္ဇရာသတင်း ဌာန၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးခိုင်မြတ်ကျော်၊ ခေတ်သစ်မီဒီယာ အယ်ဒီတာချုပ် ဦးလှိုင်းသစ်ဇင်ဝေ (ခ) သာလွန် ဇောင်းထက်တို့ကိုလည်း သီးခြားစီစွဲဆိုထားသည့်အမှုများမှ ဆက်လက်၍ အမြန်ဆုံးရုပ်သိမ်းပေးပါရန် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါကြောင်းဖြင့် သတင်းထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

 

st13 10apr20

ဆက်သွယ်ရန်

အမှတ် ၃၉၂ - ၃၉၆၊ ကုန်သည်လမ်း၊ (၉)ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -09448026326

အီးမေးလ် : mmpresscouncil@gmail.com

ထုတ်ပြန်ချက်ဆိုင်ရာများ

© 2016 mpc. All Rights Reserved.