မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

သ‌ဘောထားထုတ်ပြန်ကြေညာချက် (၁၇/၂၀၂၀)

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၈ ရက်၊ ကြာသပတေးနေ့

 

              ယခုအခါ ကိုဗစ် - ၁၉ နှင့် ပတ်သက်ပြီး သတင်းရေးသားဖော်ပြမှုများကြောင့် သတင်းမီဒီယာအချို့ တရားစွဲဆို ခံရခြင်း၊ ထောင်ချခံရခြင်းများ ကြုံတွေ့နေရပါသည်။

             ၂၀၂ဝ ခုနှစ်၊ ဧပြီလ (၁၃)ရက်က “တဲ့ပြောအွန်လိုင်းမီဒီယာ နှင့် သတင်းအေဂျင်စီ” တွင်ဖော်ပြခဲ့သည့် “မြဝတီ ကိုဗစ်လူနာသေဆုံး” ဆိုသည့် သတင်းနှင့်ပတ်သက်ပြီး ဘားအံခရိုင်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသူရညို က “တဲ့ပြောအွန်လိုင်းမီဒီယာ နှင့် သတင်းအေဂျင်စီ” အယ်ဒီတာချုပ် ဦးဇော်မင်းဦး ကို ရာဇသတ်ကြီးပုဒ်မ (၅၀၅) (ခ) ဖြင့်
ဘားအံတရားရုံးတွင် တရားစွဲဆိုခဲ့သည်။ ၂၀၂ဝ ခုနှစ်၊ မေလ(၂၀)ရက်တွင် အယ်ဒီတာချုပ် ဦးဇော်မင်းဦး ကို ဘားအံတရားရုံးက အလုပ်နှင့်ထောင်ဒဏ်(၂)နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

            အလားတူ ၂၀၂ဝ ခုနှစ်၊ မတ်လ(၂၉)ရက်က ရန်ကုန်ခေတ်သစ်သတင်းဌာနတွင်ဖော်ပြခဲ့သည့် "ပျော်ဘွယ် တွင် ပြည်ပမှပြန်လာသော Quarantaine စောင့်ကြည့်ခံရသူ (၉)ဦးကို နေ့လယ်စာ
ထမင်းကျွေးမည့်သူမရှိ၊ နှာခေါင်းစည်းနှင့် လက်ဆေးဆပ်ပြာလည်းမရှိ" ဆိုသည့် သတင်းနှင့်ပတ်သက်ပြီး ပျော်ဘွယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ အုပ်ချုပ်ရေးမှူး ဦးချမ်းအောင် က
ရန်ကုန်ခေတ်သစ်သတင်းဌာနမှ သတင်းထောက် ဦးဇော်မင်း ကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ(၂၇) ဖြင့် ပျော်ဘွယ် တရားရုံးတွင် တရားစွဲဆိုခဲ့သည်။

           မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေများရှိသော်လည်း သတင်းမီဒီယာများအတွက် သတင်းမီဒီယာဥပဒေကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၄ ခုနှစ်၊ မတ်လ (၁၄)ရက်နေ့က စတင်၍ ပြဌာန်းထားပါသည်။

ထို့ကြောင့် သတင်းမီဒီယာများ သတင်းရေးသားဖော်ပြချက်များအပေါ် ကျေနပ်မှုတစ်စုံတစ်ရာမရှိပါက သတင်းမီဒီယာဥပဒေအရ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြားနိုင်ပါသည်။ တိုင်ကြားလာမှုအပေါ်
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် သတင်းမီဒီယာဥပဒေအရ နှစ်ဦးနှစ်ဖက်ပြေလည်အောင် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

         ယခုအခါ ကိုဗစ် - ၁၉ ကပ်ရောဂါဘေးနှင့် ကြုံတွေ့နေရသည့်ကာလတွင် သတင်းမီဒီယာများသည် ကိုဗစ် - ၁၉ နှင့်ပတ်သက်ပြီး သတင်းရေးသားဖော်ပြပေးလျက်ရှိပါသည်။ ထိုသို့ရေးသားဖော်ပြမှုများကြောင့်
ကိုဗစ် - ၁၉ နှင့် ပတ်သက်သည့်သတင်းများ ပြည်သူများသိရှိနိုင်စေရုံမျှမက၊ သတင်းတုများ၊ သတင်းမှား၊ ကောလာဟလသတင်းများ ပပျောက်အောင်လည်း ထိရောက်သောဖော်ဆောင်ရာ ရောက်ပါသည်။

    ထို့ကြောင့် သတင်းမီဒီယာများ သတင်းရေးသားဖော်ပြချက်များအပေါ် ကျေနပ်မှုတစ်စုံတစ်ရာမရှိပါက အခြားဥပဒေများအသုံးပြုပြီး တရားရုံးများတွင် တရားစွဲဆိုခြင်းမပြုဘဲ၊ သတင်းမီဒီယာဥပဒေအရ
မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီသို့ ဦးစွာတိုင်ကြားပါရန်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် သတင်းမီဒီယာဥပဒေပါ ပြဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

   သတင်းမီဒီယာများအနေဖြင့်လည်း တည်ဆဲဥပဒေများအား သိရှိထားရန်လိုအပ်ပြီး၊ သတင်းရယူခြင်းနှင့် သတင်းရေးသားဖော်ပြရာတွင်လည်း သတင်းမီဒီယာကျင့်ဝတ်များကို တိကျစွာ လိုက်နာကြပါရန်
ထုတ်ပြန်ကြေညာ အပ်ပါသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

 

state 17 18 June 20

ဆက်သွယ်ရန်

အမှတ် ၃၉၂ - ၃၉၆၊ ကုန်သည်လမ်း၊ (၉)ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -09448026326

အီးမေးလ် : mmpresscouncil@gmail.com

ထုတ်ပြန်ချက်ဆိုင်ရာများ

© 2016 mpc. All Rights Reserved.