မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ
သတင်းထုတ်ပြန်ချက် (၁၉/၂၀၂၀)
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၂၉)ရက်၊ အင်္ဂါနေ့

“ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သောအမိန့်တွင် သတင်းမီဒီယာလုပ်ငန်းကို ထည့်သွင်းသတ်မှတ်ပေးရန် နိုင်ငံတော်အစိုးရထံ သုံးကြိမ်တင်ပြတောင်းဆိုခဲ့၊
သတင်းမီဒီယာဥပဒေအရ သတင်းသမားများလွတ်လပ်စွာသတင်းရယူခွင့် ခွင့်ပြုပေးရမည်”


             ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စက်တင်ဘာလ (၂၀) ရက်နေ့ ထုတ်ပြန်ခဲ့သောအမိန့်တွင် သတင်းမီဒီယာလုပ်ငန်းကို ထည့်သွင်းဖော်ပြထားခြင်းမရှိသည့်အတွက် သတင်းမီဒီယာလုပ်ငန်းကို
ထည့်သွင်း သတ်မှတ်ပေးနိုင်ပါရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ထံသို့လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာနသို့လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ လည်းကောင်း၊ စက်တင်ဘာလ (၂၁) ရက်နေ့နှင့် စက်တင်ဘာလ (၂၄) ရက်နေ့တို့တွင် နှစ်ကြိမ်တိုင်တိုင်
မေတ္တာရပ်ခံစာ တင်ပြခဲ့ပါသည်။ 

           သို့သော်လည်း အကြောင်းတစ်စုံတစ်ရာ ပြန်ကြားမှုမရှိသည့်အတွက် စက်တင်ဘာလ (၂၈) ရက်နေ့ တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ထံသို့လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာနသို့လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဝန်ကြီးချုပ်များ (ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်) သို့ စာထပ်မံပေးပို့ မေတ္တာရပ်ခံခဲ့ပါသည်။

            "သတင်းမီဒီယာဆိုသည်မှာ သတင်း ရှာဖွေခြင်း၊ ရယူခြင်း၊ ပိုင်ဆိုင်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ သတင်းအချက်အလက်များကို ခွဲခြမ်း စိတ်ဖြာခြင်း၊ ဖြန့်ချိခြင်း အစရှိသည်တို့ကို စာ၊ အသံ၊ အရုပ်၊ ရုပ်သံ၊ ကိန်းဂဏန်း အချက်အလက်၊ ရုပ်ပုံ ဒီဇိုင်း စသည့်အသွင်သဏ္ဌာန်များ အသုံးပြုကာ ပုံနှိပ်မီဒီယာ၊ ရုပ်သံလွှင့် မီဒီယာ၊ အယ်ဒီတာ တာဝန်ယူမှုရှိသော အင်တာနက်မီဒီယာ သို့မဟုတ် အခြားနည်းလမ်းများဖြင့် လုပ်ကိုင်သည့် အများပြည်သူဆိုင်ရာ ပြန်ကြားဆက်သွယ်ရေး လုပ်ငန်းများကိုဆိုသည်" ဟု သတင်းမီဒီယာ ဥပဒေ ပုဒ်မ(၂)၊ အပိုဒ်ခွဲ (က) တွင် သတင်းမီဒီယာ၏ လုပ်ငန်းသဘာဝကို ဖော်ပြထားပါသည်။

           ယခုလို ကိုဗစ်ကာလနှင့် ရွေးကောက်ပွဲစည်းရုံးရေးကာလများတွင် ပြည်သူများထံသို့ သတင်းမှန်များ ပုံမှန် စီးဆင်းရန် လိုအပ်ပါသည်။ ပြည်သူများထံသို့ မှန်ကန်တိကျသည့်သတင်းများ စီးဆင်းမှုမရှိပါက ကောလာဟလ သတင်းများ၊ သတင်းတု၊ သတင်းမှားများ ပိုမိုများပြားလာနိုင်ပါသည်။

       သို့ပါသောကြောင့် ယခုလို Stay at Home ကာလအတွင်း သတင်းမီဒီယာလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော အမိန့်တွင် သတင်းမီဒီယာလုပ်ငန်းကို အမြန်ဆုံး ထည့်သွင်းသတ်မှတ်ပေးနိုင်ပါရန်နှင့် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များအနေဖြင့် Stay at Home ထုတ်ပြန်ထားသည့် ဒေသတို့တွင် သတင်းမီဒီယာသမားများအား နယ်မြေကျော်လွန်ပြီး လွတ်လပ်စွာသတင်းရယူခွင့်၊ သွားရောက်ခွင့်တို့ကို ခွင့်ပြုပေးရန် လိုအပ်ကြောင်း သတင်းထုတ်ပြန်ပါသည်။

                                                                                                                                                                                                                                              မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

ဆက်သွယ်ရန်

အမှတ် ၃၉၂ - ၃၉၆၊ ကုန်သည်လမ်း၊ (၉)ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -09448026326

အီးမေးလ် : [email protected]

ထုတ်ပြန်ချက်ဆိုင်ရာများ

© 2016 mpc. All Rights Reserved.