မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ
သတင်းထုတ်ပြန်ချက် (၂၀ / ၂၀၂၀)
၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၄) ရက်၊ ဗုဒ္ဓဟူးနေ့

"မှုခင်းသတင်းအမည်ခံ သတင်းဂျာနယ်၊ သတင်းအေဂျင်စီများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်"


          ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနေ့တွင် သက်ဆိုင်ရာ မဲရုံများ၌ သတင်းသွားရောက်ရယူကြမည့် သတင်းသမားများအနေဖြင့် တရားဝင် သတင်းရယူနိုင်စေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီတို့ ဆွေးနွေးညှိနှိုင်းပြီး ရွေးကောက်ပွဲနေ့ သတင်းရယူခွင့် သက်သေခံကတ်ပြားများကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်များမှ ထုတ်ပေးရန် သဘောတူညီခဲ့ကြပြီးနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် သတင်းသမားများအား အသိပေးထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

       သို့ရာတွင် မှုခင်းသတင်းဂျာနယ်၊ သတင်းအေဂျင်စီများကို အခြေပြုလျက် သတင်းသမား အမည်ခံ၍ သတင်းမီဒီယာကျင့်ဝတ်ကိုသာမက တရားဥပဒေနှင့်မညီသော အမှုပွဲစားလုပ်ကိုင်ခြင်း၊ အမှုအခင်းနှင့် ပတ်သက်သည့် သတင်းကိစ္စများတွင် ငွေကြေးတောင်းခံကာ သတင်းရေးပေးခြင်း (သို့မဟုတ်) သတင်းထိန်ချန်ခြင်းတို့ လုပ်ဆောင်လျက်ရှိခြင်း၊ အယောင်ဆောင်ခြိမ်းခြောက်ခြင်း၊ လိမ်လည်ခြင်း၊ တရားမဝင်သည့် လုပ်ငန်းများဖြစ်သော သစ်မှောင်ခို၊ ကျွဲနွားမှောင်ခို၊ ကေတီဗွီ၊ မာဆတ် စသည့်လုပ်ငန်း လုပ်ကိုင်သူများထံမှ ငွေကြေးတောင်းခံခြင်းများ လုပ်ကိုင်နေကြသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ တိုင်ကြားစာများကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက မကြာခဏ လက်ခံရရှိ နေပါသည်။

      မကြာမီကျင်းပရန်ရှိသည့် အထွေထွေရွေးကောက်ပွဲနေ့ သတင်းရယူခွင့် သက်သေခံကတ်ပြားများကို သက်ဆိုင်ရာခရိုင်ကော်မရှင်ရုံးများမှ ထုတ်ပေးလျက်ရှိရာ အထက်ပါ မှုခင်းသတင်းဌာနအမည်ခံ သတင်းသမားများမှလည်း လျှောက်ထားလျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သတင်းသမားများက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ အသိပေးအကြောင်းကြားလာပါသည်။

      သို့ဖြစ်ပါ၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် အထက်ဖေါ်ပြပါ အမည်ခံသတင်းသမားအား ရွေးကောက်ပွဲနေ့ သတင်းရယူခွင့် သက်သေခံကတ်ပြား ထုတ်ပေးခြင်းမပြုပါရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၆) ရက် နေ့စွဲဖြင့် အသိပေးမေတ္တာ ရပ်ခံခဲ့ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်မှလည်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ မေတ္တာရပ်ခံချက်ကို တုံ့ပြန်ကာ အဆိုပါသတင်းသမား အမည်ခံသူများအား သတင်းရယူခွင့် သက်သေခံ ကတ်ပြားထုတ်မပေးတော့ကြောင်း အသိပေးကြေညာချက် တစ်စောင်ကို အောက်တိုဘာလ (၇) ရက်၊ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

           ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ပေးပို့ခဲ့သည့် မှုခင်းသတင်းအမည်ခံ သတင်းဌာနများစာရင်းကို အခါအားလျှော်စွာ ဖြည့်စွက်ပေးပို့သွားမည် ဖြစ်ပါသည်။ 

         အဆိုပါ မှုခင်းသတင်းအမည်ခံသတင်းဂျာနယ်၊ သတင်းအေဂျင်စီအချို့မှာ ပြန်ကြားရေးဝန်ကြီး ဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနတွင် တရားဝင်မှတ်ပုံတင် ရရှိကောင်းရရှိထားမည် ဖြစ်သော်လည်း သတင်းသမား၏ ကျင့်ဝတ်ဆိုင်ရာလိုက်နာရမည့် စည်းမျဥ်းစည်းကမ်းများကို အကြိမ်ကြိမ်ချိုးဖောက် လျက်ရှိခြင်း၊ အသင်း၀င်ကြေးများကောက်ခံကာ ဂိုဏ်းများသဖွယ်ပြုမူနေခြင်း၊ မှုခင်းသတင်းအမည် ခံကာ ခြိမ်းခြောက်ငွေကြေးတောင်းခံခြင်းတို့ကြောင့် သတင်းမီဒီယာနယ်ပယ်ရှိ အခြားသော သတင်း သမားများ၏ ဂုဏ်သတင်းကိုပါ ထိပါးစေပြီး သတင်းမီဒီယာများအပေါ် လူအများ၏ ယုံကြည်မှုကိုပါ ထိခိုက်စေလျက်ရှိပါသည်။ ထို့အပြင် ၎င်းတို့သည် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေပါ သတင်းသမားများ လိုက်နာရမည့် စည်းကမ်းများ၊ ကျင့်ဝတ်များကို လေးစားလိုက်နာခြင်းမရှိသည့် အတွက် မြန်မာနိင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် ၎င်းတို့ကို ကျင့်၀တ်နှင့်ညီသည့် သတင်းသမား စစ်စစ်အဖြစ် အသိအမှတ်မပြုကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

 

                                                                                                                                                                                                                                          မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

ဆက်သွယ်ရန်

အမှတ် ၃၉၂ - ၃၉၆၊ ကုန်သည်လမ်း၊ (၉)ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -09448026326

အီးမေးလ် : [email protected]

ထုတ်ပြန်ချက်ဆိုင်ရာများ

© 2016 mpc. All Rights Reserved.