မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

အမှတ် (၁၃၆၊ ၁၃၈)၊(A+B) ၊ ၃၅လမ်း(လယ်) ၊ ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့ ။

ဖုန်း- ၀၉ ၄၄၈၀၂၆၃၂၆

 

 မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ သတင်းထုတ်ပြန်ချက် ၄/၂၀၁၇

                                                                                                                                                                                                                                          

                                                                                                                                                                                                                                       ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်၊ သောကြာနေ့

၁။      ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ က ကောင်စီ၀င်များသည် ၂၀၁၇ခုနှစ်၊ ဇူလိုင်လ(၁၃)ရက်၊  ညနေ(၄း၀၀) နာရီတွင် ရန်ကုန်မြို့ရှိ  မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ   အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြပါသည်။

၂။      မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ဒုတိယဥက္ကဋ္ဌ (၁) ဦးအောင်လှထွန်း၊ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာမျိုးသန့်တင်၊ အတွင်းရေးမှူး ဦးသီဟစော၊ တွဲဖက်အတွင်းရေးမှူးများ ဖြစ်သည့် ဒေါ်သင်းသင်းသာ၊  ဦးကျော်စွာမင်း၊ ကောင်စီ၀င်များဖြစ်သည့် ဦးမြင့်ကျော် ၊ ဦးဇေယျာလှိုင်၊ ဒေါက်တာတင်ထွန်းတို့ တက်ရောက် ဆွေးနွေးခဲ့ပါသည်။ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ မြန်မာနိုင်ငံ၏ လက်ရှိ သတင်းမီဒီယာ အခြေအနေ၊ သတင်းမီဒီယာသမားများ လက်ရှိ ကြုံတွေ့နရသည့် အခက်အခဲများ၊ သတင်းမီဒီယာသမားများအပေါ် တရားစွဲဆိုနေမှု ၊ DVB နှင့် ဧရာ၀တီသတင်းဌာနမှ သတင်းထောက် ၃ ဦး မတရားအသင်းပုဒ်မ
 ၁၇/၁ ဖြင့် အရေးယူခံထားရမှု အခြေအနေများ၊ ရခိုင်ပြည်နယ်သို့ ပြည်တွင်း သတင်းမီဒီယာများ သတင်းသွားရောက် ရယူနိုင်ရေး၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ပြင်ဆင်မှု၊ သတင်းမီဒီယာ ဥပဒေ ပြင်ဆင်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

၃။    ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သတင်းမီဒီယာများ တွေ့ဆုံနိုင်ရေး၊ လက်ရှိ ဖြစ်ပေါ်နေသော သတင်းမီဒီယာ အခြေအနေများအား တင်ပြနိုင်ရေးတို့ကိုလည်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက တင်ပြဆွေးနွေးခဲ့ပါသည်။

         ထို့နောက် မစ္စယန်ဟီလီက သိလိုသည်များကို မေးမြန်းခဲ့ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ မှ ဒုတိယဥက္ကဋ္ဌ (၁) ဦးအောင်လှထွန်း၊ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာမျိုးသန့်တင်၊ အတွင်းရေးမှူး ဦးသီဟစောနှင့် ကောင်စီ၀င်များက ရှင်းလင်း ဖြေကြားခဲ့ပါသည်။

၄။    မစ္စယန်ဟီလီသည် ယခု တွေ့ဆုံမှုရလဒ်များကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် တင်ပြသွားမည်ဟု မစ္စယန်ဟီလီ ကပြောဆိုခဲ့ပါသည်။ ကုလသမဂ္ဂ၏မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့ ယခုအကြိမ် တွေ့ဆုံမှုသည် တတိယအကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပါကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။

                                                                                                                                                                                                              မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

ဆက်သွယ်ရန်

အမှတ် ၃၉၂ - ၃၉၆၊ ကုန်သည်လမ်း၊ (၉)ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -09448026326

အီးမေးလ် : [email protected]

ထုတ်ပြန်ချက်ဆိုင်ရာများ

© 2016 mpc. All Rights Reserved.