Print

 

သတင်းမီဒီယာများသို့ အသိပေးခြင်း

 

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၂၁)ရက်

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး (ကိုကိုးကျွန်းမြို့နယ်မပါ)တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home)အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမိန့်အမှတ် ၁၀၇/၂၀၂၀၊ ရက်စွဲ ၂၀၂၀ ၊ စက်တင်ဘာ ၂၀ ဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါအမိန့်ကြေညာစာ အပိုဒ် (၃)တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ (ကိုကိုးကျွန်း မြို့နယ် မပါ)သည် အောက်ပါစည်းကမ်းချက်များကို လိုက်နာရမည် - (က) မိမိနေအိမ်တွင်သာနေထိုင်ရန် (အစိုးရဌာနများအနေဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ၁၄-၉-၂၀၂၀ ရက်စွဲပါ စာအမှတ် ၂၃၅၄/၂၆၄/ COVID-19/ကော်မတီ (၂၀၂၀)ဖြင့် နိုင်ငံ့ဝန်ထမ်းများအား (၂) ပတ်ရုံးတက် (၂) ပတ်အိမ်မှနေ၍ ရုံးလုပ်ငန်းဆောင်ရွက်စေရေး အကြောင်းကြားချက်အတိုင်းဆောင်ရွက်ရန်၊ ပုဂ္ဂလိကလုပ်ငန်းများအနေဖြင့် ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် သားငါး အအေးခန်းလုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ ရေသန့်ထုတ်လုပ် ဖြန့်ဖြူးရောင်းချ ရေးလုပ်ငန်းများ၊ နေ့စဉ်တစ်ကိုယ်ရည်သုံးပစ္စည်းထုတ်လုပ်သည့် စက်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများမပါ)ဟုဖော်ပြထားပါသည်။ သို့ရာတွင် သတင်းမီဒီယာလုပ်ငန်းကို ထည့်သွင်းထားခြင်း မရှိသည်ကိုတွေ့ရှိရပါသည်။

"သတင်းမီဒီယာဆိုသည်မှာ သတင်းရှာဖွေခြင်း၊ ရယူခြင်း၊ ပိုင်ဆိုင်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ သတင်း အချက်အလက်များကို ခွဲခြမ်း စိတ်ဖြာခြင်း၊ ဖြန့်ချိခြင်း အစရှိသည်တို့ကို စာ၊ အသံ၊ အရုပ်၊ ရုပ်သံ၊ ကိန်းဂဏန်း အချက်အလက်၊ ရုပ်ပုံ ဒီဇိုင်း စသည့်အသွင်သဏ္ဌာန်များ အသုံးပြုကာ ပုံနှိပ်မီဒီယာ၊ ရုပ်သံလွှင့် မီဒီယာ၊ အယ်ဒီတာ တာဝန်ယူမှုရှိသော အင်တာနက် မီဒီယာ သို့မဟုတ် အခြားနည်းလမ်းများဖြင့် လုပ်ကိုင် သည့် အများပြည်သူဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးလုပ်ငန်းများကို ဆိုသည်" ဟု သတင်းမီဒီယာဥပဒေ ပုဒ်မ(၂) အပိုဒ်ခွဲ(က) တွင် သတင်းမီဒီယာ၏လုပ်ငန်းသဘာဝကို ဖော်ပြထားပါသည်။

       ယခုလို ကိုဗစ်ကာလနှင့်ရွေးကောက်ပွဲစည်းရုံးရေးကာလများတွင် ပြည်သူများထံသို့ သတင်းမှန်များ ပုံမှန်စီးဆင်းရန် လိုအပ်ပါသည်။ ပြည်သူများထံသို့ သတင်းမှန်များစီးဆင်းမှုမရှိပါက ကောလာဟလ သတင်းများ၊ သတင်းတု၊ သတင်းမှားများ ပိုမိုများပြားလာနိုင်ပါသည်။ သို့ပါသောကြောင့် ယခုလို Stay at Home ကာလအတွင်း သတင်းမီဒီယာလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သောအမိန့်တွင် သတင်းမီဒီယာလုပ်ငန်းကို ထည့်သွင်းသတ်မှတ် ပေးနိုင်ပါရန် (ဒေါ်အောင်ဆန်းစုကြည်၊ ဥက္ကဌ၊ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး၊ ပြန်ကြားရေး ဝန်ကြီးဌာနသို့လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့လည်းကောင်း မေတ္တာရပ်ခံတင်ပြထားကြောင်း အသိပေးအပ်ပါသည်။

 

                                                                                                                                                                                                           မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ