သတင်းမီဒီယာတိုက်များမှ ဆောင်ရွက်ရန်အချက်များ နှင့် သတင်းသမားများ လိုက်နာသင့်သည့်အချက်များ


သတင်းခန်းမှ ပြုလုပ်ဆောင်ရွက်ရန်  . .


၁။    သတင်းမီဒီယာသမားများ ဘေးကင်းလုံခြုံရေးအတွက် လုပ်ဆောင်ရမည့်အချက်များကို မိမိသတင်းခန်းတွင် စည်းစနစ်ကျသော ခေါင်းဆောင်မှုဖြင့် ပြုစုပါ။
၂။    သတင်းထောက်များနှင့် ဓာတ်ပုံသတင်းထောက်များကို တာဝန်မပေးမီ အန္တရာယ်ကျရောက်နိုင်မှု   ဆန်းစစ်ခြင်းများကို ပြုလုပ်ပေးပါ။
၃။    အမျိုးသမီးသတင်းမီဒီယာသမားများ၏ ဘေးကင်းလုံခြုံရေးကို အမြဲစဉ်းစားပါ။ လိင်ပိုင်းဆိုင်ရာထိပါး စော်ကားမှုနှင့် ကြုံတွေ့လာပါက မိမိကိုယ်ကို မည်သို့ကာကွယ်ရမည်ဆိုခြင်းနှင့်ပတ်သက်၍ သင်တန်း ပေးထားပါ။
Pepper Spray ကဲ့သို့ လိုအပ်သောပစ္စည်း ပစ္စယများကိုလည်း ထောက်ပံ့ပေးပါ။
၄။    သတင်းသွားလိုက်မည့်နေရာများသို့ မထွက်ခွာမီ သတင်းအဖွဲ့နှင့် စကားပြောပေးပါ။ လိုအပ်သည့် ဆေးဝါးများ ဘေးကင်းလုံခြုံရေးကိရိယာများ နှင့် ဆက်စပ်သော ပစ္စည်းများ၊ အရေးကြီးသည့် ဖုန်းနံပတ်များ ပါ၊ မပါ
သေချာစွာ စစ်ဆေးပါ။ (တစ်ယောက်ယောက်ကို) အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးပါ။ သယ်ယူပို့ဆောင်မည့် အသင့်တော်ဆုံးယာဉ်နှင့် ယာဉ်မောင်းကို စီစဉ်ပေးပါ။
၅။    သတင်းအဖွဲ့နှင့်အဆက်အသွယ် မပြတ်စေပါနှင့်။ မကြာခဏ ဆက်သွယ်ပါ။ သူတို့ရောက်ရှိသည့် နောက်ဆုံး နေရာများကို မှတ်တမ်းတင်ပါ။
၆။    ဘေးဒုက္ခရောက်နေသည့် သတင်းမီဒီယာသမားများကို ချက်ချင်းကူညီနိုင်မည့်စနစ် ထူထောင်ပါ။  


သတင်းထောက်များ လိုက်နာဆောင်ရွက်ရန်  . .


-    အန္တရာယ်ရှိသည့် ပတ်ဝန်းကျင်သို့ ဇွတ်အတင်းတိုးမဝင်ပါနှင့်။ အနည်းဆုံး ငါးမိနစ်ခန့် အချိန်ပေးပြီး ကျရောက်နိုင်ခြေရှိသော အန္တရာယ်များအတွက် ဆန်းစစ်သုံးသပ်ချက်များကို လုပ်ဆောင်ပါ။
-    အမြဲတမ်းအဖွဲ့နှင့်အတူနေပါ။ သင်းကွဲပြီး မနေမိပါစေနှင့်။
-    ရဲတပ်ဖွဲ့၊ ဆေးရုံ၊ မိမိအထက်အရာရှိ စသဖြင့် အရေးကြီးသော ဖုန်းနံပါတ်များ အမြဲတမ်းဆောင်ထားပါ။
-    သင်၏ လှုပ်ရှားမှုများနှင့်လုပ်ဆောင်မှုများကို တစ်ဦးတစ်ယောက်ထံသို့ အမြဲတမ်းအကြောင်းကြားပါ။ ဖြစ်နိုင်ပါက မိမိအထက်အရာရှိကို အကြောင်းကြားပါ။
-    မိမိ၏ ဖုန်းဘက်ထရီကို အမြဲတမ်းအားဖြည့်ထားပါ။ ရှေးဦးသူနာပြုစုသည့် ဆေးဝါးပစ္စည်းများ ဆောင်ထားပါ။ လက်ဗလာဖြင့် အန္တရာယ်ရှိနိုင်သည့်နေရာများသို့ သတင်းသွားမလိုက်ပါနှင့်။
-    ဆန္ဒပြပွဲများကို သတင်းသွားလိုက်ပါက မည်သည့်အခါမျှ ကိုယ်တိုင်ဝင်မပါပါနှင့်။ ဆန္ဒပြခြင်း (သို့မဟုတ်) သတင်းလိုက်ခြင်း တစ်ခုတည်းကိုသာ ရွေးချယ်ပါ။ နှစ်ခုစလုံး တပြိုင်တည်း မလုပ်ပါနှင့်။
-    ဆန္ဒဖော်ထုတ်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား နေရာမယူမိပါစေနှင့်။ အဝတ်အစားကအစ ဆန္ဒဖော်ထုတ်သူများနှင့် ကွဲကွဲပြားဖြစ်နေပါစေ။ အကာအကွယ်မဲ့စေမည့် အနေအထားမျိုးကို ရှောင်ပါ။
ဓာတ်ပုံသတင်းထောက်ဖြစ်ပါက အနီးကပ်ခြင်းထက် Zoom ကို သုံးပြီး ရိုက်ကူးသင့်သည်။
-    အမျိုးသမီးသတင်းမီဒီယာသမားများသည် သတင်းသွားလိုက်မည့်နေရာတွင် အမျိုးသားသတင်းသမားများ နှင့် ကွဲပြားခြားနားသည့် အန္တရာယ်ကျရောက်နိုင်ခြေ ရှိ မရှိ၊ မိမိကို လိင်ပိုင်းဆိုင်ရာထိပါး စော်ကားနိုင်ခြေ ရှိ၊ မရှိကို
   ဆန်းစစ်ပါ။ အကယ်၍ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခံရမည့် အခြေအနေနှင့် ကြုံလာပါက မည်သို့ကာကွယ်မည်ကို လေ့လာထားပါ။ pepper-spray ဘူးကို ကိုယ်နှင့်မကွာ ဆောင်ထားပြီး မိမိကိုယ်ကိုယ်ကာကွယ်ရန်
လိုအပ်သည့်အခါ မည်သို့အသုံးချမည်ဆိုသည်ကို လေ့လာထားပါ။
-    ဖမ်းဆီး၊ ထိန်းသိမ်း၊ ချုပ်နှောင်ခံနေရပါက စိတ်အေးအေးထားပါ။ မိမိအထက် အရာရှိကို ချက်ချင်း သတင်းပို့ရန် ကြိုးစားပါ၊ ဖမ်းဆီး ချုပ်နှောင်သူကို ပြန်လည်မခုခံပါနှင့်။ အငြင်းမပွားပါနှင့်။ သင့်ရုပ်ပိုင်း ဆိုင်ရာလုံခြုံရေးကို
ထောက်၍ ၎င်းတို့၏ အမိန့်ကို ထိုအချိန်တွင် နာခံပါ။

 

“ဘယ်သတင်းမှ ကိုယ့်အသက်လောက် တန်ဖိုးမကြီးပါ။”


ထို့ကြောင့် သတင်းကိစ္စမလုပ်ဆောင်ခင် မိမိဘေးကင်းလုံခြုံရေးကို အမြဲတမ်းထည့်သွင်းစဉ်းစားပါ။


                                                                                                                                                                                                        မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

 

4 2 20 01

4 2 20 02

ဆက်သွယ်ရန်

အမှတ် ၃၉၂ - ၃၉၆၊ ကုန်သည်လမ်း၊ (၉)ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -09448026326

အီးမေးလ် : [email protected]

ထုတ်ပြန်ချက်ဆိုင်ရာများ

© 2016 mpc. All Rights Reserved.