သတင်းမီဒီယာကျင့်၀တ်အကျဉ်း

Print

 ၁။ သတင်းမီဒီယာတစ်ခုက ဖေါ်ပြသော သတင်းတိုင်း အချက်အလက် တိကျမှန်ကန်ရန် တတ်နိုင်သမျှ ပြည့်စုံရန်  စိစစ်ရမည်။

၂။ တိကျမှန်ကန်မှု မရှိသော သတင်းကို ဖော်ပြမိလျှင် သက်ဆိုင်ရာ မီဒီယာသည် အမြန်ဆုံး ပြန်လည်ပြင်ဆင် ဖေါ်ပြပေးရမည်။ သတင်းမှန်ဖြေရှင်းချက်ကိုလည်း   ယင်းသတင်း ထည့်သွင်းခဲ့သည့်နေရာနှင့် အနီးစပ်ဆုံး စာမျက်နှာတွင် ထင်ရှားစွာ ဖေါ်ပြပေးရမည်။

၃။ သတင်းပေးသူ သို့မဟုတ် သတင်းရင်းမြစ်၏ အမည်နာမနှင့် စပ်လျဉ်း၍ ကာယကံရှင်၏ ဆန္ဒနှင့်အညီ ထိန်းသိမ်းဆင်ခြင်ရမည်။ ယုံကြည်၍ ထုုတ်ဖေါ် အသိပေးလိုက်သည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ လျှို့ဝှက် ထိန်းသိမ်းထားရမည်။

၄။ တရားရုံးတွင် စစ်ဆေးဆဲအမှုများနှင့် စပ်လျဉ်း၍ မီဒီယာတွင်ရေးသားဖေါ်ပြရာ၌ တရားရုံးတော်က ပြစ်မှုထင်ရှား မစီရင်သေးသမျှ ကာလပတ်လုံး တရားစွဲဆိုခြင်းခံရသူအား အပြစ်ကင်းစင်သူတစ်ဦးအဖြစ် မှတ်ယူရမည်။

၅။ သတင်းများ ရယူရေးသားရာ၌ မိမိကိုယ်စားပြုသည့် သတင်းမီဒီယာ၏ အမည်ကို ထုတ်ဖေါ်ပြောဆို၍ သတင်းရယူရမည်။

၆။ သတင်း၊ဓာတ်ပုံ၊ ဆောင်းပါးအသွင်ဖြင့် ထည့်သွင်းသော ကြော်ငြာများကို ကြော်ငြာဖြစ်ကြောင်း     သိသာထင်ရှားအောင် ဖော်ပြရမည်။

၇။ သတင်းရေးသားရာတွင် ရေးသူ၏အာဘော် လုံးဝမပါဝင်စေရ။ ဘက်လိုက်ရေးသားခြင်း မပြုရ။

၈။ အများပြည်သူ အကျိုးစီးပွားအတွက် ရေးသင့်ရေးထိုက်သည်မှအပ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်  သို့မဟုတ် အဖွဲ့အစည်းတစ်ခုခု၏ ဂုဏ်သိက္ခာကို ထိခိုက်စသော အရေးအသား နိုင်ငံသားတစ်ဦးဦး၏ အခွင့်အရေးကို ထိပါးစေသော အရေးအသားမှ ရှောင်ကြဉ်ရမည်။

၉ ။ သတင်းရေးသားရာတွင် ကလေးသူငယ်များ အမျိုးသမီးများနှင့် စပ်လျဉ်းသည့် ဥပဒေပြဌာန်းချက်များကို လိုက်နာရမည်။

၁၀။ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ လူမျိုး တို့ကိုအကြောင်းပြု၍ ခွဲခြား၊ ဝေဘန်၊ လှုံ့ဆော်ရေးသားခြင်း မပြုရ။

၁၁။ မီဒီယာသမားများ အားလုံုး မည်ကဲ့သို့သော အခွင့်အရေး၊ တံစိုး လက်ဆောင်ကြောင့်မျှ မိမိ သို့မဟုတ် အခြားတစ်စုံတစ်ယောက်၏ အကျိုးငှာ ဘက်လိုက်ရေးသားခြင်း မပြုရ။

၁၂။ စီးပွားရေး၊ နိုင်ငံရေး စသည့်အဖွဲ့အစည်း တစ်ခုခု၏ သြဇာကြောင့် မမှန်မကန် ရေးသားခြင်းမပြုရ။

၁၃။ သူတစ်ပါး ဖန်တီးထားသော သတင်း၊ ဓါတ်ပုံု၊ ဆောင်းပါးများကို မူရင်းဖန်တီးသူ၏ ခွင့်ပြုချက်မရဘဲ ကူးယူဖေါ်ပြခြင်းမပြုရ။ ခွင့်ပြုချက်ရယူပြီးဖေါ်ပြလျင်လည်း မူလရင်းမြစ်ကို ဖေါ်ပြပေးရမည်။

၁၄။ အီလက်ထရောနစ် နည်းပညာဖြင့် ထုတ်လွှင့်သော အင်တာနက်၊ လူမှုကွန်ယက် စသည့်နည်းလမ်းများမှ တဆင့် ရသော သတင်းများသည် မှန်ကန်ကြောင်း သက်သေအခိုင်အမာ မဖေါ်ပြနိုင်ပါက ပြန်လည်ကူးယူဖြန့်ချိခြင်း မပြုရ။

၁၅။ အများပြည်သူ၏ ကိုုယ်ကျင့်တရား ထိခိုက်ပျက်ပြားစေမည့် ရေးသားဖေါ်ပြမှုများ ညစ်ညမ်းမှုများနှင့် ပတ်သက်၍ မည်သည့် သတင်း၊ ဓါတ်ပုံ၊ ဆောင်းပါးကိုမျှ ပုံနှိပ်ထုတ်ဝေခြင်း မပြုရ။